ဒေးဒရဲ အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ယမန်နေ့ ညဉ့်သန်းခေါင်ယံမှစတင်၍ မြို့ပေါ်ရပ်ကွက်များတွင် စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်လွင်အောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်ဦးလှိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများဦးဆောင်မှုဖြင့် စာရင်းစစ်၊ စာရင်းကောက်များက Mobile Tablet များဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူ့ဆေးရုံရှိ ဆေးကုသမှုခံယူလျက်ရှိသည့် ပြည်သူများ၊ တည်းခိုခန်းများရှိ ခရီးသွားပြည်သူများ၊ မြို့နယ်အချုပ်ထောင်ရှိ တရားရင်ဆိုင်လျက်ရှိသည့် အချုပ်သူ၊ အချုပ်သားများအား ကွင်းဆင်းကောက်ယူပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၀) အုပ်စုရှိနေထိုင်သူများအားလုံးကို (၂၀၂၄)ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့မှ ညဉ့်သန်းခေါင်ယံ ရည်ညွှန်းချိန်မှ စတင်၍ စာရင်းကောက်အဖွဲ့ (၃၉)ဖွဲ့က စာရင်းကောက်ကွက် (၅၅၂)ကွက်ဖြင့် ရပ်ကွက်၊ ကျေးရွာများအလိုက် Mobile Tablet ဖြင့် (၁.၁၀.၂၀၂၄)မှ (၁၅.၁၀.၂၀၂၄) ရက်နေ့အထိ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ သိရသည်။
အေဇာလင်း