ကြံခင်းမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိ

ကြံခင်း အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကို စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ယမန်နေ့ အောက်တိုဘာလ (၁) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများထံသို့ စတင်ကွင်းဆင်းကောက်ယူလျက်ရှိသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များက ရွာမရပ်ကွက်နှင့် မြို့မရပ်ကွက်တို့တွင် စာရင်းစစ်၊ စာရင်းကောက်များက Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူနေမှုများအား ကြည့်ရှုအားပေးကြသည်။ ထိုသို့ စာရင်းစစ်၊ စာရင်းကောက်ရာတွင် အဆင်ပြေစွာဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်‌ရေးမှူးများနှင့် စာရေးဝန်ထမ်းများပူးပေါင်းကာ အဖွဲ့များခွဲ၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ကြံခင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ရပ်ကွက် (၅)ခု၊ ကျေးရွာအုပ်စု (၃၀)အုပ်စုရှိ ကျေးရွာပေါင်း (၂၅၁) ရွာ၌ ကောက်ကွက်ပေါင်း (၂၇၆) ကွက်တွင် စာရင်းစစ်၊ စာရင်းကောက် (၁၁၀) ဦးဖြင့် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ မြေပြင် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)