တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့တက်ရောက်

ထားဝယ် အောက်တိုဘာ ၁

၂၀၂၄ ခုနှစ် “သက်ကြီးပုဂ္ဂိုလ်များဂုဏ်သိက္ခာရှိစွာရပ်တည်ရေး ကမ္ဘာအနှံ့ဘက်စုံပြုစုစောင့်ရှောက်ပေး”ဟူသောဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ရှေးဦးစွာ တက်ရောက်လာသောဧည့်သည်တော်များက  အဘိုးအဘွားများအား ကန်တော့ကျိုးဖြင့် ရှိခိုးကန်တော့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကမ္ဘာအရပ်ရပ်မှာရှိသော သက်ကြီးဘိုးဘွားများ၏ လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်စေရန် ကုလသမဂ္ဂအဖွဲ့ကြီးက နှစ်စဉ် အောက်တိုဘာလ(၁)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ဟု သတ်မှတ်ထားခဲ့ကြောင်း၊ မိမိတို့မြန်မာ့လူ့အဖွဲ့အစည်းသည် ရှေးအစဉ်အလာ အဆက်ဆက် ကတည်းက သက်ကြီးဘိုးဘွားများကို လေးစားတန်ဖိုးထားတတ်ကြပြီး သားသမီး၊ မြေးမြစ်များက အတူနေထိုင်ပြုစုစောင့်ရှောက်တတ်ကြသည့် အစဉ်အလာအားဖြင့်မှတ်ယူခဲ့ကြောင်း၊ ဒါ့အပြင် မိမိတို့မြန်မာနိုင်ငံသည် သက်ကြီးဘိုးဘွားများအတွက် မက်ဒရစ်နိုင်ငံတကာလုပ်ငန်းအစီအစဉ် (Madrid International Plan of Action for Older People)ကို သဘောတူထားသောနိုင်ငံဖြစ်သည်နှင့်အညီ လုပ်ငန်းအစီအစဉ်မှာပါသည့်အကြောင်းအရာများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမှာဖြစ်ပြီး သက်ကြီးဘိုးဘွားများအတွက် အခွင့်အရေးများကို ယခုထက်တိုးမြှင့်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများအနေဖြင့် ဘိုးဘွားများ ဖြတ်သန်းကြုံတွေ့လာခဲ့ရသည့် အတွေ့အကြုံပညာရပ်နှင့် ဗဟုသုတများသည် တန်ဖိုးမဖြတ်နိုင်သော အရာများဖြစ်ပြီး အတွေ့အကြုံနှင့်ပညာရပ်များကို အနာဂါတ်မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းမျှဝေပေးနိုင်ရန်နှင့် သက်ကြီးဘိုးဘွားများ၏ အတွေ့အကြုံများ၊ ပညာရပ်များကိုအသုံးချနိုင်ရန် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးသွားရမှာဖြစ်ကြောင်း၊ ယနေ့အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပေးသည့် ဂုဏ်ပြုခံဘိုးဘွားများနှင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းမှာရှိသော ဘိုးဘွားများနှင့်တကွ တစ်နိုင်ငံလုံးမှာရှိသည့် ဘိုးဘွားများအားလုံး ကျန်းမာ၊ ချမ်းသာပါစေကြောင်း ဂါရဝပြုဆုမွန်ကောင်း ပို့သသည်။  

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက အဘိုး/အဘွားများအား အလှူငွေနှင့်ကန်တော့ပစ္စည်းများပေးအပ်ပြီး ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဘိုးဘွားများအား တိုင်း​ဒေသကြီးကုသရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှု ပေးသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အဖြစ် ကန်တော့ခံ အဘိုး/အဘွား(၃၀)ဦးအတွက် တစ်ဦးလျှင် ကန်​တော့​ငွေနှင့်ကန်​တော့ပစ္စည်းစုစု​ပေါင်းတန်ဖိုး ကျပ်(၁)သိန်းခွဲနှုန်းဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းမှ အသက်အကြီးဆုံးဘိုးဘွား (၅)ဦးအတွက် တစ်ဦးလျှင် ကျပ်(၂)သိန်းနှုန်း ဖြင့်လည်းကောင်း၊ အသက် (၁၀၀)နှစ်နှင့်အထက် ဘိုးဘွား(၄၇) ဦးအတွက် တစ်ဦးလျှင် ကျပ် (၁)သိန်းနှုန်းဖြင့်လည်း​ကောင်း စုစုပေါင်းလှူဒါန်းငွေကျပ် (၁၀၂)သိန်း ဖြစ် ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)