ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း ၄၀၀၀၀ ကျော် ထုတ်ချေးပြီးစီးပြီဖြစ်

ပွင့်ဖြူ  အောက်တိုဘာ  ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို မေလ တတိယပတ်က စတင်၍ တောင်သူများလယ်ဝယ်အရောက် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၃၀ ရက်နေ့အထိ စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ကျပ်သိန်း (၄၀၀၀၀)ကျော် ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဦးအေးမင်းနိုင်ထံက သိရသည်။

ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ချေးငွေမထုတ်ချေးမီ မြို့နယ်ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင်က တောင်သူများ သိရှိနိုင်ရန် သီးနှံအလိုက် ချေးငွေထုတ်ချေးပေးမှု နှုန်းထားများနှင့် ချေးငွေပေးဆပ်ရမည့်ကာလတွင် အချိန်မီပေးဆပ်နိုင်ရေးအတွက် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများကို အသိပေး ရှင်းလင်းဆွေးနွေးပြောကြားပြီး ချေးငွေများကို တောင်သူတစ်ဦးချင်းစီ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ မိုးသီးနှံစိုက်ပျိုးစရိတ် ထုတ်ချေးငွေများ ထုတ်ချေးပေးမှုအနေဖြင့် မိုးစပါးစိုက်ပျိုးမှုအတွက် တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံ စိုက်ပျိုးမှုအတွက် တစ်ဧက ငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ပြီး မေလ(၂၀)ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်နေ့အထိ ကျေးရွာအုပ်စု(၄၇) အုပ်စုရှိ ဒေသခံတောင်သူ (၆၁၀၇) ဦးအား စပါးနှင့် အခြားသီးနှံ စိုက်ဧက (၂၈၇၄၀) ဧကအတွက် စုစုပေါင်း စိုက်ပျိုးစရိတ်ချေးငွေကျပ် (၄၂၀၄၃)သိန်း ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရမည့် ကျေးရွာအုပ်စု (၅၁) အုပ်စုရှိပြီး အဆိုပါ ကျေးရွာအုပ်စုများအနက်မှ ယခင်နှစ်က စိုက်ပျိုးစရိတ်ချေးငွေ ပြေကြေစွာ ပေးဆပ်သည့် ဒေသခံတောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းဖြစ်ပြီး ထုတ်ချေးပေးရန် ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ ဒေသခံတောင်သူများကိုလည်း ဆက်လက်ထုတ်ချေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ် မန်နေဂျာ ဦးအေးမင်းနိုင်က ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)