ငဖဲ အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်များပူးပေါင်းအဖွဲ့များက ယနေ့နံနက် ၇ နာရီမှစတင်၍ ကျေးရွာများတွင် စတင်ကွင်းဆင်းကောက်ယူ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ခြင်းကို စာရင်းစစ်/စာရင်းကောက်အဖွဲ့(၄)ဖွဲ့စီဖြင့် နှစ်ဖွဲ့ခွဲ၍ တာဝန်ကျဌာနဆိုင်ရာများကြီးကြပ်ကာ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့များပူးပေါင်းပြီး ကျေးရွာများတွင် တစ်အိမ်တက်ဆင်းစနစ်တကျ ကောက်ယူလျက်ရှိသည်။
အဆိုပါ စတင်ကွင်းဆင်းကောက်ယူနေမှုအား မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးကျော်စိုး၊ အတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးပွားမောင်နှင့်အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ငဖဲမြို့နယ်တွင် ရပ်ကွက် ၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၈ အုပ်စု၊ ကောက်ကွက်ပေါင်း ၁၀၃ ကွက်တို့၌ စာရင်းစစ် ၉ ဦး၊ စာရင်းကောက် ၃၃ ဦးတို့က Mobile Tablet များအသုံးပြု၍ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း အချိန်မီပြီးစီးအောင် တစ်အိမ်တက်ဆင်း စနစ်တကျစာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)