စေတုတ္တရာ အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ယနေ့နံနက်ပိုင်းတွင် စတင်ကောက်ယူနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းမင်းဇင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်သန်း၊ မြို့နယ်ပညာရေးမှူးဦးသန်းမြိုင်၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူးဒုရဲမှူးမျိုးလွင်နှင့်တာဝန်ရှိသူတို့မှ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် စေတုတ္တရာမြို့နယ်ရပ်ကွက်၊ ကျေးရွာအတွင်းရှိသန်းခေါင်စာရင်းကောက်ကွက် ၉၆ ကွက်တို့၌ စာရင်းကောက်သူတို့က လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာပါအချက်(၆၈)ချက်ပါ စနစ်တကျမေးမြန်းကောက်ယူနေမှုများကို မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့နှင့် တာဝန်ရှိသူတို့က တစ်အိမ်တက်ဆင်းလိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီပေးခဲ့ကြသည်။
စေတုတ္တရာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအသီးသီးတို့၌ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း ၉၆ ကွက်ရှိပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် ၄၂ ဦးတို့မှ လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းအိမွန်(မြို့နယ်ပြန်/ဆက်)