မုံရွာ အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ကြီးမှူးကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဓဒသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များနှင့်ဇနီးများ၊ ဆုရရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက အနာဂတ်ကာလမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် နိုင်ငံတော်အပိုင်းက ရုပ်ဝတ္ထုပစ္စည်းပံ့ပိုးမှုတွေ ဖြည့်ဆည်းပေးနေသလို တပ်ဖွဲ့ဝင်များဘက်ကလည်း စိတ်ပိုင်းဆိုင်ရာခံယူချက် ယုံကြည်ချက်နှင့် ဆည်းပူးလေ့လာကြိုးစားနေကြဖို့ မှာကြားလိုကြောင်း။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးထိပ်ပန်ဆင်ထားတဲ့ “သစ္စာ၊ သမာဓိ၊ သတ္တိ”ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူအပေါ် သစ္စာရှိစွာ တာဝန်ထမ်းဆောင်သွားကြစေကြောင်း။ တာဝန်ထမ်းဆောင်ရာမှာလည်း အဂတိကင်းရှင်းပြီး ဖြောင့်မတ်တည်ကြည်သော သမာဓိဖြင့် အမှန်တရားအတွက် စွန့်လွှတ်စွန့်စားတဲ့စိတ်နှင့် သတ္တိရှိရှိ ရဲရင့်စွာ ကြိုးပမ်းဆောင်ရွက်သွားကြပါကြောင်း။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန် (၄) ရပ်ကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြပါ။ ပြည်သူလူထုရဲ့လိုအပ်ချက်များကို ဥပဒေနှင့်အညီအကူအညီပေးပြီး ပြည်သူလူထုပူးပေါင်းပါဝင်တဲ့ ရဲလုပ်ငန်းစနစ်ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေကြောင်း။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ပေးတဲ့ တပ်ဖွဲ့ဝင်များဖြစ်စေရေးအတွက် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြောင့်မတ်တည်ကြည် မှန်ကန်စွာ၊ အဂတိကင်းရှင်းစွာ ဆောင်ရွက်သွားကြရန်နှင့် အမိနိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ပေးအပ်တဲ့ တာဝန်တွေကို ဦးလည်မသုန် ထမ်းရွက်နိုင်တဲ့ တပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် အစဉ်ကြိုးပမ်းသွားကြပါလို့ တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနိုင်လင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၏သဝဏ်လွှာအား ဖတ်ကြားသည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ တရားသူကြီးချုပ်ဦးဇော်ထူးက တစ်ဆင့်မြင့်ရာထူးရရှိသူ (၂) ဦး၊ ရဲသူရတံဆိပ် ရရှိသူ (၁) ဦး၊ ရဲဗလတံဆိပ်ရရှိသူ (၁) ဦးကျပ်သိန်း (၁၀၀၀၀) နှင့် အထက်မူးယစ်းဆေးဝါးဖမ်းဆီးရမိသူ (၁) ဦးအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ရဲသူရတံဆိပ် ရရှိသူ (၁) ဦး၊ တစ်ဆင့်မြင့်ရာထူး ရရှိသူ(၂)ဦး၊ ရဲဗလတံဆိပ်ရရှိသူ (၁) ဦး၊ ကျပ်သိန်း (၁၀၀၀၀)နှင့်အထက် မူးယစ်ဆေးဝါးဖမ်းဆီးရမိသူ (၁) ဦးအားလည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ ဦးစီး ဗိုလ်မှူးကြီးစစ်ရေးဗိုလ်မှူးကြီးဇော်လင်းထွန်းက တစ်ဆင့်မြင့်ရာထူးရရှိသူ (၂) ဦးရဲဗလတံဆိပ်ရရှိသူ (၂) ဦး ကျပ်သိန်းပေါင်း(၁၀၀၀၀) နှင့်အထက် မူးယစ်ဆေးဝါးများဖမ်းဆီးရမိသူ (၁) ဦးအားလည်းကောင်း အသီးသီးဆုချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တာဝန်ရှိသူများက နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Click အားကြည့်ရှုအားပေးပြီး ဆုရရဲတပ်ဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ အသိပညာပေးနံရံကပ်ဓာတ်ပုံပြခန်းများအား ကြည့်ရှုအားပေးခဲ့သည်။
ခရိုင် (ပြန်/ဆက်)