ကော့သောင်းမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ

ကော့သောင်း အောက်တိုဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ မြို့နယ်သန်းခေါင်စာရင်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းမှစတင်၍ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက သတ်မှတ်နယ်နိမိတ်အတွင်း နေထိုင်သူများအားစာရင်း စတင်ကောက်ယူလျက်ရှိသည်။

ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများအတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့်အိမ်အကြောင်းအရာအချက်အလက်များ မေးမြန်းကောက်ယူခြင်းတို့ကို CAPI နည်းပညာဖြင့် Tablet  အသုံးပြုပြီး စာရင်းကောက် ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့နယ်အတွင်းတွင် သန်းခေါင်စာရင်းကောက်ယူခြင်းကို ရပ်ကွက် (၁၃) ရပ်ကွက်၊ ကျေးရွာအုပ်စု(၉)စုရှိ ကောက်ကွက်ပေါင်း (၂၁၃) ကွက်တွင် သက်ဆိုင်ရာ စာရင်းစစ်၊ စာရင်းကောက် (၈၃) ဦးပါအဖွဲ့များက အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စာရင်းကောက်ယူသွားမည်ဖြစ်ပြီး အဆိုပါသန်းခေါင်စာရင်းကောက်ယူဆောင်ရွက်နေမှုများအား မြို့နယ်သန်းခေါင်စာရင်း ကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)