တနင်္သာရီမြို့နယ်၌ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

တနင်္သာရီ အောက်တိုဘာ ၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို သန်းခေါင်စာရင်းရည်ညွှန်းချိန်၌ သတ်မှတ်နယ်နိမိတ်အတွင်း နေထိုင်သူများအား သတ်မှတ်ထားသည့်စာရင်းကောက်ကွက်များ၌ စာရင်းစစ်/စာရင်းကောက်များက ယမန်နေ့က စာရင်းကောက်ယူခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို တနင်္သာရီမြို့ပေါ် ရပ်ကွက်အတွင်းနှင့် မောတောင်မြို့ပေါ် ရပ်ကွက်အတွင်းရှိ ဟော်တယ်/တည်းခိုခန်းများ၊ ပြည်သူ့ဆေးရုံ၊ ရဲစခန်းရှိ အချုပ်ခန်းနှင့် ချောင်းကြီးရပ်ကွက်-ပြည်ထောင်စုလမ်းမကြီးပေါ် ယာဉ်ရပ်နားစခန်းရှိ ညအိပ်ရပ်နားမော်တော်ယာဉ်များတွင် သန်းခေါင်စာရင်းကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ရာ တနင်္သာရီမြို့ပေါ်တွင် ကျား (၁၆၉)ဦး၊ မ(၂၆) ဦးနှင့် မောတောင်မြို့၌ ကျား ၁၃ဦး၊ မ၆ဦး၊ စုစုပေါင်း ကျား (၁၈၂)ဦး၊ မ(၃၂)ဦး၊ စုစုပေါင်း(၂၁၄) ဦးတို့အား စာရင်းကောက်ယူမှု ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို တနင်္သာရီမြို့ပေါ်တွင် ရပ်ကွက်နှစ်ကွက်နှင့် မောတောင်မြို့၌ ရပ်ကွက်သုံးကွက်၊ ပေါင်းငါးရပ်ကွက်အတွင်းရှိ ကောက်ကွက် ၂၄ ကွက်၌ စာရင်းစစ်သုံးဦးနှင့် စာရင်းကောက်(၁၂)ဦး၊ ပေါင်း(၁၅)ဦးတို့က အောက်တိုဘာလ ၁ရက်နေ့မှစ၍ မြေပြင်၌ လက်တွေ့စာရင်းကောက်ယူခြင်း ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

၎င်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ၏တိကျမှန်ကန်သော လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာစာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်နှင့် လိုအပ်သော မူဝါဒ၊ စီမံကိန်း၊ မဟာဗျူဟာ၊ နည်းဗျူဟာများကို ချမှတ်နိုင်ရန် ရည်ရွယ်ချက်များဖြင့် (၃၀-၉-၂၀၂၄)ရက်နေ့ ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ် သတ်မှတ်၍ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်သူအားလုံးကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)