မင်းဘူးမြို့၌ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မင်းဘူး အောက်တိုဘာ  ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကော်မတီ၏ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အထိ၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် တိကျမှန်ကန်စွာ ရရှိစေရေးအတွက် မင်းဘူး(စကု)မြို့နယ်ရှိ သန်းခေါင်စာရင်းကောက်ကွက် (၄၁၈) ကွက်တွင် တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ရာ စာရင်းစစ်၊ စာရင်းကောက် ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ကြီးကြပ်ဆောင်ရွက်ရမည့် သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်သည့်လုပ်ငန်းတာဝန်များနှင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ကြမည့် လုပ်ငန်းတာဝန်များကို အပြန်အလှန်ဆွေးနွေးပြောကြားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)