ငဖဲ အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက ပင်ဦးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပင်ဦးအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်၍ စကားပြောအတတ်ပညာကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ ပြောဆိုတတ်စေရန်နှင့် အသင်းအဖွဲ့များတွင် ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်(တွဲဖက်)က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade- 7 မှ မယူမီကိုက လူငယ်နှင့်ကာယဗလ၊ Grade- 9 မှ မခြူးအိမ်စံက လူငယ်နှင့် ဉာဏဗလ၊ Grade-6 မှ မယွန်းရွှေရည်ဖြိုးက လူငယ်နှင့်စာရိတ္တဗလ၊ Grade-8 မှ မဇာဇာဝင်းက လူငယ်နှင့် မိတ္တဗလ၊ Grade-7 မှ မကျော့ရှင်းမေက လူငယ်နှင့်ဘောဂဗလ စသည့် ဗလငါးတန်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသား/သူများဖြင့် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသူ (၅)ဦးအား အမှတ်တရလက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ရာ ကျောင်းသူများက လက်ခံရယူခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)