လွိုင်ကော် နိုဝင်ဘာ ၂၃
လွိုင်ကော်မြို့၊ ဝါရီကောခူ ယာယီ ကုန်တင်ယာဉ် ရပ်နားစခန်း၌ ကုန်ကားများမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက် (၁၅၈)ဦးအား ယနေ့နံနက်ပိုင်းကCOVID-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၁၅၇) ဦးမှာ Negative အဖြေ ထွက်ရှိခဲ့ပြီး ယာဉ်မောင်း(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ (ပိုးတွေ့ရှိ) ခဲ့သည်။
အဆိုပါ ရောဂါပိုး တွေ့ရှိသူ အသက်(၃၅)နှစ်အရွယ် အမျိုးသား ယာဉ်မောင်း တစ်ဦးမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပဒါးညေးကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး (၁၇.၁၁.၂၀၂၀) ရက်နေ့တွင် Test Kit ဖြင့် စစ်ဆေးချက်အရ Negative အဖြေ ထွက်ရှိခဲ့ပြီး မန္တလေးသို့ ကုန်တင်သွားရောက်ခဲ့ပါသည်။ (၂၀.၁၁.၂၀၂၀) ရက်နေ့တွင် မန္တလေးမှ ပြန်လည်ထွက်ခွာခဲ့ရာ လမ်းတွင် (၂)ညအိပ်ခဲ့ပြီး လွိုင်ကော် ဝါရီကောခူ ယာယီ ကုန်တင်ယာဉ် ရပ်နားစခန်းသို့ (၂၂.၁၁.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။
ယနေ့ နံနက်ပိုင်းတွင် Test Kit ဖြင့် စစ်ဆေးချက်အရ အသက် (၃၅) နှစ်အရွယ် ယာဉ်မောင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ (ပိုးတွေ့ရှိ)ပြီး ယာဉ်နောက်လိုက်မှာ Negative အဖြေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပိုးတွေ့ လူနာအား လွိုင်ကော် ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်တွင် ထားရှိ၍ စောင့်ကြပ် ကြည့်ရှု ကုသပေးလျက် ရှိကြောင်းနှင့် ၎င်း၏ လတ်တလော ကျန်းမာရေး အခြေအနေမှာ တည်ငြိမ် ကောင်းမွန်လျက် ရှိကြောင်း သိရှိရသည်။
ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ ယာဉ်နောက်လိုက် (Negative အဖြေထွက်သူ)နှင့် အခြား (၃)ဦး ၊ စုစုပေါင်း (၄) ဦး တို့ကိုလည်း လွိုင်ကော် န.တ.လ သင်တန်းကျောင်း (Facility Quarantine)သို့ ပို့ဆောင်ပေးခဲ့ပြီး အသွားအလာ ကန့်သတ်ထား ရှိကြောင်းနှင့် နောက်တစ်ကြိမ် ဓာတ်ခွဲနမူနာ ထပ်မံရယူ စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)