ကန့်ဘလူမြို့နယ် ရွက်ကြမ်း(မြောက်)ကျေးရွာ၌ အခြေခံပညာမူလတန်းကျောင်း(ခွဲ)ဖွင့်လှစ်

ကန့်ဘလူ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရွက်ကြမ်းအုပ်စု ရွက်ကြမ်း(မြောက်)ကျေးရွာ တွင် အခြေခံပညာမူလတန်းကျောင်း(ခွဲ)ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါကျောင်းရှေ့၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖဲကြိုးဖြတ်ဖွက့်လှစ်ခြင်း အစီအစဥ်အရ ကန့်ဘလူမြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးမိုးကျော်အောင်၊ ပိုးဇာကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း အုပ်ဆရာမကြီး ဒေါ်စန်းစန်းမွန်နှင့် ရွက်ကြမ်း(မ) အ.မ.က(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးကိုယ်စား လက်ထောက်ပညာရေးမှူး ဦးမိုးကျော်အောင် ၊ပိုးဇာကုန်းကျေးရွာ အ.လ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမွန်တို့က အမှာစကားပြောကြားပြီး ဦးခင်မောင်ဆွေ(ပညာရေးငြိမ်း- အမျိုးသားစာပေဆုရ ကန့်ဘလူခင်မောင်ဆွေ)က ဝမ်းသာပိတိစကား ပြောကြားသည်။ ယင်းနောက် ကျေးရွာသားများကိုယ်စား ရပ်မိရပ်ဖ ဦးကျော်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ ရွက်ကြမ်း(မ)ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း(ခွဲ)သည် ယခုနှစ် စက်တင်ဘာ (၂၃) ရက်ကစတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူ (၄၃) ဦး တက်ရောက်ပညာသင်ကြား လျက်ရှိကာ ဆရာ/ဆရာမ နှစ်ဦးနှင့် ကျေးရွာမှ လုပ်အားပေး သုံးဦးတို့က ဝိုင်းဝန်းကူညီ သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)