ထန်းတပင်(ပဲခူး) စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ သာယာဝတီခရိုင်ပြည်သူ့ဆေးရုံမှ အရိုးအထူးကုဆရာဝန်ကြီးနှင့်အဖွဲ့က ယမန်နေ့နံနက် (၉) နာရီအချိန်က မဟာဝိသု တာရာမကျောင်းကြီးတိုက်ဓမ္မာရုံတွင် ရေဘေးသင့်ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခဲ့သည်။
ထိုသို့နယ်လှည့်ကွင်းဆင်းကုသပေးရာတွင် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံမှ အရိုးအထူးကု ဆရာဝန်ဒေါက်တာကျော်မင်းထက်ဦးဆောင်သောအဖွဲ့နှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်သူအောင်နှင့်ဝန်ထမ်းများပူးပေါင်းကာ အရိုးရောဂါဝေဒနာရှင်များနှင့် အထွေထွေ ရောဂါဝေဒနာရှင်(၉၅) ဦးနှင့် ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းတွင်(၄၁) ဦး စုစုပေါင်းလူနာ(၁၃၆) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ပြီး အရိုးအကြောလူနာ(၃)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံတွင်ခွဲစိတ်ကုသပေးသွားမည်ဖြစ်သည်။
ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြည့်ရှုအားပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)