သရက်ချောင်း စက်တင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၂၈ ရက်နေ့က (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယနေ့စက်တင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်သည့် (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပလျက်ရှိရာ မြို့နယ်ဦးစီးမှူး ဒေါက်တာလမင်းကိုကိုမှ ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများ၊ တိရစ္ဆာန်မှတဆင့်ခွေးရူးရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများ၊ မိမိအိမ်မွေး တိရစ္ဆာန်(ခွေး၊ ကြောင်)များကို ခွေးရူးရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ၊ ခွေးရူးရောဂါဖြစ်ပွားနေသောခွေးတွင် တွေ့နိုင်သည့် ရောဂါလက္ခဏာများ၊ သတိထားလိုက်နာရမည့်အချက်များအား အသေးစိတ်ရှင်းလင်းပြောကြားပြီး ခွေးရူးရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်းများကိုပါ ဖြန့်ဝေခဲ့ပြီး အိမ်မွေးခွေး၊ ကြောင် စုစုပေါင်း (၃၄) ကောင်ကို ခွေးရူးပြန်ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာလမင်းကိုကိုနှင့် ဝန်ထမ်းများတက်ရောက်ကြောင်း သိရသည်။
နန်းခလိုက် (သရက်ချောင်း)