မြဝတီမြို့ခရိုင်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

မြဝတီ စက်တင်ဘာ ၃၀

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရဲရင့်ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များအနေဖြင့် စာဖတ်ရှိန် ပိုမိုမြင့်မားတိုးတက်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးသည်။

ဦးစွာ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက အသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး ကျောင်းသားလူငယ်များအနေဖြင့် လိမ္မာရေးခြားရှိစေရေးအတွက် အသိပညာ၊ အတတ်ပညာသာမက ပြင်ပစာပေဗဟုသုတများ လေ့လာမှတ်သားရမည်ဖြစ်ကြောင်း၊ ငယ်ရွယ်စဉ်မှစ၍ ထူးချွန်ထက်မြက်စေရန်ဘဝ ရည်မှန်းချက်များထားရှိရမည်ဖြစ်ကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာဗဟုသုတရရှိစေမည့် အကြောင်းအရာများကို အသိပညာပေးဟောပြောသည်။

ထို့နောက် ကျောင်းသားလူငယ်များ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ မြန်မာစကားပုံဆက်ပြိုင်ပွဲနှင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၄၃ ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ၍ အဖြေမှန်သူများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးပြီး အသိပညာဗဟုသုတရရှိစေမည့် မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ အခြားအသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များ ခင်ကျင်းပြသပေးထားရာ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)