ထားဝယ် စက်တင်ဘာ ၃၀
နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်း အချက်အလက်များကို ရရှိစေရန်ရည်ရွယ်၍ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း (ထားဝယ်၊ လောင်းလုံး)မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကွန်ပျူတာ တက္ကသိုလ်(ထားဝယ်)၌ဖွင့်လှစ် သင်ကြားလျက်ရှိရာ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်နှင့် တာဝန်ရှိသူများက သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံသည်။
ထို့နောက် တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်က သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းဖြစ်ကြောင်း၊ နောင်အနာဂတ်လူငယ်များအတွက် မိမိတို့တွင် တာဝန်ရှိသည်ဟု ခံယူချက်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ သင်တန်းဆင်းပွဲနှင့် ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးက သင်တန်းဆင်းအမှာစကား ပြောကြားပြီး တာဝန်ရှိသူများက ထားဝယ်မြို့နယ်သင်တန်းသား/သူ ၉၄ ဦးနှင့် လောင်းလုံးမြို့နယ် သင်တန်းသား/သူ ၉၈ ဦးတို့အား စာရင်းစစ်၊ စာရင်းကောက် ခန့်အပ်လွှာများ ပေးအပ်သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း စာရင်းကောက်ကွက်ပေါင်း (၂၆၈၃)ကွက်ကို စာရင်းကောက်ရန် လျာထား၍ စာရင်းစစ်၊ စာရင်းကောက်(၁၀၄၅)ဦးကိုခန့်အပ် တာဝန်ပေးအပ်ပြီး သမာရိုးကျ အိမ်ထောင်စုအတွက် စာရင်းစစ်များအနေဖြင့် ပညာရေးဝန်ကြီးဌာနမှ ဆရာ/ဆရာမ (၁၉၁)ဦး၊ စာရင်းကောက်များအနေဖြင့်ဆရာ/ဆရာမ (၇၆၄) ဦး၊ အဖွဲ့အစည်းကောက်ကွက်အတွက် (တပ်ရင်း တပ်ဖွဲ့/ ရဲတပ်ရင်း/ အကျဉ်းထောင်/ သစ်တော)စာရင်းစစ်(၁၁)ဦး၊ စာရင်းကောက် (၁၉)ဦးအပြင် အရန်အဖြစ် စာရင်းစစ်(၂၁)ဦး၊ စာရင်းကောက်အတွက် (၃၉)ဦး စုစုပေါင်း စာရင်းစစ် (၂၂၃)ဦး၊ စာရင်း ကောက်(၈၂၂)ဦးအား အတည်ပြုခန့်ထာပြီးဖြစ်ကြောင်းနှင့် စမ်းသပ်သန်းခေါင်စာရင်းတွင် အသုံးပြုသည့်မေးခွန်း (၆၈)ခု ပါဝင်ပြီး အိမ်ထောင်စု မေးခွန်းနှင့်မေးခွန်း(၁၈)ခုပါဝင်သည့် အဖွဲ့အစည်းမေးခွန်းများကို Tablet များဖြင့်အသုံးပြု ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)