မြိတ် စက်တင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ မြိတ်တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသော ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/ စာရင်းကောက်သင်တန်း စက်တင်ဘာ(၂၈)ရက်နေ့ ညနေပိုင်းက သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။
သင်တန်းတွင် သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာနှင့် ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးအစီအမံများ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်၊ စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့် တာဝန်များ၊ ဥပဒေပြဌာန်းချက်များ၊ စာရင်းကောက်ကွက်နှင့် စာရင်းစစ်မြေပုံများ၊ အိမ်အကြောင်းအရာမေးခွန်းများ၊ လူဦးရေဆိုင်ရာအချက်အလက်မေးခွန်းများ၊ အဖွဲ့အစည်းများအား စာရင်းကောက်ယူခြင်း စသည့် သင်ခန်းစာများကို စာတွေ့လက်တွေ သင်ကြားပေးခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြိတ်မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးအာကာအောင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး မြိတ်ခရိုင်သန်းခေါင်စာရင်း ကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများက စာရင်းစစ်/စာရင်းကောက် ခန့်အပ်လွှာများကို ပေးအပ်ခဲ့ကြရာ သင်တန်သားများ ကိုယ်စား သင်တန်းသားတစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
သင်တန်းကို စက်တင်ဘာ(၁၇)ရက်မှ(၂၈)ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား(၁၉၈)ဦး တက်ရောက် ခဲ့ကြသည်။ မြိတ်မြို့နယ်၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများအလိုက် သန်းခေါင်စာရင်းကောက်ကွက်များ၌ စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာလ(၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ စာရင်းကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)