ရှားတောမြို့နယ်၌ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် မြို့မိမြို့ဖများ စုပေါင်းလှူဒါန်း ပြုလုပ်သော အဌမကြိမ်မြောက် မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ရှားတော နိုဝင်ဘာ ၂၃

ကယားပြည်နယ်၊ ရှားတောမြို့နယ် စလောင်းစုစည်း(မြရတနာ)ကျောင်း၌ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် မြို့မိမြို့ဖများ စုပေါင်းလှူဒါန်းပြုလုပ်သော အဌမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်သံဃာတော်များအား သြကာသကန်တော့ချိုးဖြင့် ညီညီညာညာ ရွတ်ဆိုကန်တော့ ကြပြီး မြို့နယ်သံဃနာယက အကျိုးတော်ဆောင် ဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒဝံသ ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်သံဃနာယက အကျိုး တော်ဆောင် ဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒဝံသ က ကထိန်သင်္ကန်းညွှန်းပေးတော်မူ ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင် နှင့် အလှူရှင်များက ဆရာတော်သံဃာတော် များအား ကထိန်သင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် မြို့နယ်သံဃနာယက အကျိုးတော်ဆောင် ဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒဝံသ ထံမှ ကထိန်အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ဆက်လက်၍ ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်သံဃာတော်များအား သြကာသ ကန်တော့ချိုးဖြင့် ပြန်လည်ရှိခိုးကန်တော့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို အဓိဌာန်ပြု၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဆရာတောသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းအောင်(ပြန်/ဆက်)