ပွင့်ဖြူမြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းဘေးတစ်လျှောက် မိုးရာသီ အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုး

ပွင့်ဖြူ စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ ကန်ပြည့်ကျေးရွာ ကျေးလက်ကုတ်ထုတ်လမ်း လမ်းဘေး(ဝဲ၊ ယာ)တွင် ယမန်နေ့၊ နံနက် ၈ နာရီက မိုးရာသီ အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထိုသို့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးကျော်စွာမြင့်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှူး ဦးညွန့်ရွှေနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများက ကန်ပြည့်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဘေး(ဝဲ၊ ယာ)တစ်လျှောက်တွင် တမာ ၄၀၀ ပင်၊ ကျွန်း (၁၀) ပင်၊ စုစုပေါင်း အရိပ်ရပင် ၄၁၀ ပင်အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုကဲ့သို့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာမိတ်ဖက်ဌာနများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ကျေးရွာချင်းဆက်လမ်းများနှင့် ကျေးလက်ကုန်ထုတ်လမ်းများတစ်လျှောက်တွင် နှစ်စဉ်အရိပ်ရသစ်ပင်များ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး