သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကော့ကရိတ်မြို့တွင် ပြုလုပ်ကျင်းပ

ကော့ကရိတ် စက်တင်ဘာ ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီ၊ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀:၀၀နာရီအချိန်က ဒေါနခန်းမတွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတိကျမှန်ကန်စွာ ရရှိစေရေးအတွက် အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာအရ သန်းခေါင်းစာရင်းကောက်ယူမည်ဖြစ်ရာ ကော့ကရိတ်မြို့နယ်ရှိ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်းကောက်ယူမည့် စာရင်းစစ်စာရင်းကောက် ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ကြီးကြပ်ဆောင်ရွက်ရမည့် သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်သည့်လုပ်ငန်းတာဝန်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အပြန်အလှန်ဆွေးနွေးပြောကြားသည်။

ခရိုင် (ပြန်/ဆက်)