ကျောက်ကြီးမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်နည်းပြသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်

ကျောက်ကြီး စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက သင်တန်းကာလ (၁၀) ရက်တာပြီးမြောက်ချိန်မှာ သန်းခေါင်စာရင်းမေးခွန်းမှာပါဝင်သည့် လူဦးရေဆိုင်ရာအကြောင်းအရာ၊ ဘာသာရပ်အလိုက်သင်ခန်းစာအားလုံးကို ကျေကျေညက်ညက် သိရှိပြီးဖြစ်မယ်လို့ ယုံကြည်ကြောင်း၊ စာရင်းကောက်သူများအနေဖြင့် ဖြေဆိုသူတွေမကြိုက်နှစ်သက်သည့် စကားအသုံးအနှုန်းများ မသုံးမိကြစေဖို့နှင့် မေးခွန်းများမေးမြန်းရာတွင် လိမ္မာပါးနပ်စွာမေးမြန်းကြဖို့ အထူးမှာကြားလိုကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိလာသည့်အချက်အလက်မှန်ကန်မှသာ နိုင်ငံရဲ့ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ထိထိရောက်ရောက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ်(၅)ရပ်အနက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့်ပတ်သက်ပြီး လက်ရှိအခြေအနေများ ကြုံတွေ့ရမည့်အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကိုဆက်စပ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အတတ်နိုင်ဆုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အောင်မြင်အောင်ဆောင်ရွက်ဖို့ ပြောကြားလိုကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များမှ သင်တန်းနည်းပြများ၊ သင်တန်းဆင်း ဆရာ/ဆရာမများအား စာရင်းစစ်/စာရင်းကောက် ခန့်အပ်လွှာများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား(၄၃)ဦးအား သင်တန်းနည်းပြ(၃)ဦးဖြင့်၊ စက်တင်ဘာ ၁၇ ရက်နေ့မှ စက်တင်ဘာ(၂၈)ရက်နေ့ နေ့စဥ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်