ပြည် စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ စက်တင်ဘာ ၁၇ ရက်ကစ၍ ၁၀ ရက်ကြာဖွင့်လှစ်ခဲ့သော ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ရှေးဦးစွာ ပြည်မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက " သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိလာတဲ့ မှန်ကန်သော အချက်အလက်များဖြင့် နိုင်ငံတော်၏ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အထောက်အကူပြု ဖြစ်စေမှာဖြစ်၍ သင်တန်းမှပို့ချခဲ့သော ဘာသာရပ်ဆိုင်ရာ အဓိကသဘောတရားများနှင့် နည်းစနစ်များကို မိမိတို့ရဲ့ အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီး သန်းခေါင်စာရင်း မေးခွန်းများပါ အချက်အလက်များ မှန်မှန်ကန်ကန် ရရှိရေးနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း" ပြောကြားသည်။
ထို့နောက် မြို့နယ်သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကြည်လင်း၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်လဝကဦးစီးမှူး ဦးဇော်နိုင်သန်းနှင့် တာဝန်ရှိသူများက စာရင်းစစ်၊ စာရင်းကောက် သင်တန်းသား/သင်တန်းသူများကို သင်တန်းဆင်းခန့်အပ်လွှာများ ပေးအပ်ခဲ့ကြပြီး သင်တန်းဆင်းပွဲသို့ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများ၊ တိုက်နယ်တာဝန်ခံ လဝကဦးစီးမှူးများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၅၄)ဦးတို့ တက်ရောက်ခဲ့ကြသည်။
ပြည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၆၉)အုပ်စုနှင့် ကောက်ကွက်ပေါင်း (၆၆၂)ကွက်ရှိကာ အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကောက်ကွက်များ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများကို မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စာရင်းစစ်/စာရင်းကောက်(၂၅၄)ဦးတို့နှင့်အတူ တိုက်နယ်တာဝန်ခံ လဝကဦးစီးမှူးများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများက ယခုနှစ် အောက်တိုဘာ ၁ ရက်နေ့ကစ၍ ၁၅ရက်နေ့အထိ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ စနစ်တကျ အောင်မြင်စွာ ကောက်ယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)