ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၌ ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ပွင့်ဖြူ စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ၂၀၂၄ ခုနှစ် (၁၈)ကြိမ်မြောက်ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာဝေလွင်ဦးက မြန်မာနိုင်ငံတစ်ဝှမ်း နှစ်စဉ် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အိမ်မွေးတိရစ္ဆာန် ခွေးများကို ခွေးရူးရောဂါ မဖြစ်ပွားစေရေး ကာကွယ်ဆေးများ ကြိုတင်ထိုးနှံပေးလျက်ရှိကြောင်း၊ ခွေးမှ ကူးစက်သော ခွေးရူးပြန်ရောဂါသည် ရောဂါလက္ခဏာပြလာသည့်နှင့် တစ်ပြိုင်နက် လူကိုသေစေနိုင်သည့် ရောဂါဖြစ်ပြီး ခွေးရူးပြန်ခြင်းကို ကာကွယ်ဆေးထိုးခြင်းဖြင့် ရာခိုင်နှုန်းပြည့် ကာကွယ်နိုင်ကြောင်း၊ ထိုသို့ ကာကွယ်ဆေးထိုးခြင်းဖြင့် မိမိတို့ လူမှုပတ်ဝန်းကျင်နှင့်တကွ ခွေးများ၏ ကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောသည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ခွေးရူးပြန်ရောဂါနှင့်ပတ်သက်၍ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေး လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို ဆွေးနွေးမေးမြန်းရာ ဒေါက်တာဝေလွင်ဦးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးပြီး တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ (၁၄၆) ဦးတို့အား ခွေးရူးပြန်ရောဂါအန္တရာယ်အကြောင်း အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝေလွင်ဦးနှင့် ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာအခြေခံတိစ္ဆာန်ကျန်းမာရေးလုပ်သားများနှင့်အတူ ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၊ ကံသာကြီး ကျေးရွာနှင့် ဘုရားကုန်းကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာနေပြည်သူများ၏ ခွေးများကို ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး(ပြန်/ဆက်)