လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄ခုနှစ်၊  လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်  စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲကျင်းပ

လှိုင်းဘွဲ စက်တင်ဘာ ၂၉

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကရင်ပြည်နယ်၊  လှိုင်းဘွဲမြို့နယ် အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် လှိုင်းဘွဲမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်အတွက်   အလွန်အရေးပါပြီး အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ကြောင်းနှင့် လက်တွေ့သင်ကြားပေးသည့် ဘာသာရပ်အလိုက်  မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် မထပ်၊ မကျန် ထိရောက်မှုဖြင့် သတ်မှတ်ချိန်အတွင်း အောင်မြင်စွာ ကောက်ယူကြစေလိုကြောင်း  အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် စစ်ဗျူဟာအဖွဲ့(အခြေချ)လှိုင်းဘွဲ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အမှတ်(၂)တပ်နယ်မှူး ဗိုလ်မှူးကြီး စောကြာအင်း၊ အမှတ်(၁၀၁၅)နယ်ခြားစောင့်တပ် တပ်ရင်းမှူး ဗိုလ်မှူး ဝင်းနိုင်စိန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က သင်တန်းအဖွဲ့ခေါင်းဆောင်ဆရာ၊ ဆရာမများအား မြို့နယ်စာရင်းစစ်၊ စာရင်းကောက် ခန့်အပ်လွှာများ‌ ပေးအပ်သည်။

လှိုင်းဘွဲမြို့နယ်အနေဖြင့်  ၂၀၂၄ ခုနှစ်၊   လူဦးရေနှင့်  အိမ်အကြောင်းအရာ  သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၈၅)စု၊ မြို့နယ်သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း (၅၁၇)ကွက်၊ စာရင်းကောက်အဖွဲ့ (၃၇)ဖွဲ့၊ စာရင်းစစ်ဆေးရေး အဖွဲ့(၄၂)ဦး၊ စာရင်းကောက် (၁၅၈)ဦးတို့က Mobile  Tablet များ အသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့်  စနစ်တကျ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် သန်းခေါင်းစာရင်းကောက်ယူကြမည့် ဆရာ၊ ဆရာမများမှ တင်ပြကြသည့် အခက်အခဲ များအား စစ်ဗျူဟာအဖွဲ့(အခြေချ)လှိုင်းဘွဲ စစ်ဗျူဟာမှူး၊ နယ်ခြားစောင့်တပ် အမှတ်(၂)တပ်နယ်မှူး၊ ပြည်နယ်ပညာရေးမှူး၊ ဘားအံခရိုင် သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီးနောက် စာရင်းစစ်၊ စာရင်းကောက်ကြမည့် ဆရာ၊ ဆရာမများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊မြို့နယ်သန်းခေါင်စာရင်း ကောင်မတီအဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်( ပြန်/ဆက်)