ချောင်းဦး စက်တင်ဘာ ၂၉
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ရာ ချောင်းဦးမြို့နယ်အတွင်း စာရင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက်များအား စာရင်းကောက်ရာတွင် လွယ်ကူစေရန် မြို့နယ်အဆင့် သန်းခေါင်စာရင်းသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းခန်းမဖြစ်သည့် ချောင်းဦးမြို့ အနော်ရထာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။
ပထမဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းမှ အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးဝင်းနိုင်မှ ရည်ရွယ်ချက်နှင့် သင်တန်းအကြောင်းအရာများ ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းသား(၂၀) ဦးအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းမှ စာရင်းစစ်၊ စာရင်းကောက်အဖြစ် ခန့်အပ်သည့် သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။
သင်တန်းဆင်းပွဲသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းဆရာ ၃ ဦးနှင့် စာရင်းစစ်၊ စာရင်းကောက်ယူမည့် သင်တန်းသား (၂၀) ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၁၂ ရက်တာ သင်ကြားပေးခဲ့ကြောင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက်အတွင်း ကောက်ကွက် ၃၇ ကွက်ဖြင့် အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ စာရင်းကောက်များမှ Mobile Tablet များ အသုံးပြု၍ သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)