မုံရွာ စက်တင်ဘာ ၂၉
၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့တွင် ကျရောက်သည့် (၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က မုံရွာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မုံရွာခရိုင်ပညာရေးမှူး ဦးမြင့်ဆွေနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့သည်။
ဦးစွာ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုလွင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မုံရွာခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာဥမ္မာအေးက ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့် ခွေးရူးရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများအကြောင်းကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာ အိအိအောင်က ခွေးရူးရောဂါကူးစက်မှုအန္တရာယ်နှင့် ကုသရေးအကြောင်းအရာများကို လည်းကောင်း၊ မုံရွာခရိုင် ဘုတလင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာကျော်ကျော်လွင်က ခွေးရူးရောဂါအပါအဝင် တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သောရောဂါများအကြောင်းကိုလည်းကောင်း အသီးသီး ဆွေးနွေးပြောကြားကာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက (၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အိမ်မွေးခွေးများအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ဆေးထိုးနှံပေးနေမှူများအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)