ဘုတ်ပြင်းမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ ကျင်းပ

ဘုတ်ပြင်း စက်တင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ဘုတ်ပြင်းခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က သန်းခေါင်စာရင်းအောင်မြင်စွာကောက်ယူနိုင်ရန် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ကြီးကြပ်ကွပ်ကဲလမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်တို့နှင့် ပူးပေါင်းဆောင်ရွက်မှုတို့နှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ပြီး တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပေးအပ်ထားသည့် တာဝန်များကို မိမိတို့၏အတွေ့အကြုံ၊ စွမ်းဆောင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများဖြင့် ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။ ဆက်လက်၍ ဘုတ်ပြင်းခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းတို့က သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ယင်းနောက် ဘုတ်ပြင်းခရိုင် သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌတို့က စာရင်းစစ်၊ စာရင်းကောက် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအလိုက် သန်းခေါင်စာရင်းကောက်ကွက်များတွင် စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာလ (၁) ရက်နေ့မှ  (၁၅) ရက်နေ့အထိ စာရင်းကောက်ယူခြင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)