ဟားခါး စက်တင်ဘာ ၂၈
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးရှင်းလင်းပွဲကို စက်တင်ဘာလ ၂၆ ရက်နံနက် ၉ နာရီခွဲက ဟားခါးခရိုင် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးရှင်းလင်းပွဲတွင် ချင်းပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ (ကိုယ်စား) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ချင်းပြည်နယ် သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်တို့ သန်းခေါင်စာရင်းကောက်ယူရခြင်းနှင့် ရည်ရွယ်ချက်များကို ပြောကြားကြသည်။
ထို့နောက်ဟားခါးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်ဝင်းမြင့်တို့က လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းသိကောင်းစရာများ၊ ကမ္ဘာ့သန်းခေါင် စာရင်းသမိုင်း၊ မြန်မာ့သန်းခေါင်စာရင်းသမိုင်း၊ သန်းခေါင်းစာရင်းအသုံးဝင်ပုံနှင့် သန်းခေါင်စာရင်း ကောက်ယူ ရာတွင် မေးမြန်းရမည့်အကြောင်းအရာများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်း အသိပညာပေးရှင်းလင်းပွဲသို့ ဟားခါးမြို့ပေါ်ရှိ ဒေသခံပြည်သူများ၊ လုပ်ငန်းရှင်များနှင့် အမျိုးသမီး ရေးရာနှင့် မိခင်နှင့်ကလေးအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဟားခါးခရိုင် အုပ်ချုပ်ရေးမှူးရုံးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ လူဦးရေ နှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးလက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မောင်တက်လမ်း