ပွင့်ဖြူ စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ဒေသခံပြည်သူများ မွေးမြူထားရှိသည့် ကျွဲ၊ နွား တိရစ္ဆာန်များတွင် ကူးစက်ရောဂါ ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်နှင့် မွေးမြူရေးလုပ်ငန်းရှင် ပြည်သူများ တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်နည်းနှင့် လက်တွေ့ဆေးကုသနည်းများ သိရှိနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား(မွမ်းမံ)သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝေလွင်ဦးက သင်တန်းသားများ အနေဖြင့် မြို့နယ်အတွင်း မွေးမြူကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းမှ လေ့လာသင်ယူခဲ့ရသော အခြေခံတိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်ကုသပေးမှုနည်းစနစ်များကို လက်တွေ့အသုံးချပြီး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းအခက်အခဲရှိပါက ဌာနနှင့် ချိတ်ဆက်၍ လိုအပ်သောအကူအညီများ ရယူဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းပြောကြား၍ သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များကို လွှဲပြောင်းပေးအပ်သည်။ ထို့နောက် သင်တန်းသားကိုယ်စားလှယ်တစ်ဦးက သင်တန်းဖွင့်လှစ်သင်ကြားပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာ(၂၀)မှ သင်တန်းသားဦးရေ ၂၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းတွင် ကျွဲ၊ နွား ၊ သိုး ၊ ဆိတ် တိရစ္ဆာန်များတွင် ဖြစ်ပွားသည့် ကပ်ပါးရောဂါများအကြောင်းနှင့် ကာကွယ်ကုသနည်းများ၊ တိရစ္ဆာန်မှ လူသို့ ကူးစက်တတ်သည့် ရောဂါလက္ခဏာများ၊ စားမြုံ့ပြန်သတ္တဝါများ၏ ကိုယ်ခန္ဓာဇီဝကမ္မ ဆောင်ရွက်မှုများ၊ ကျန်းမာသောတိရစ္ဆာန်၏ သွင်ပြင်လက္ခဏာများ၊ ရာသီအလိုက် ထိုးနှံရသည့် ကာကွယ်ဆေးထိုးနည်း စနစ်များ၊ တိရစ္ဆာန်သုံးဆေးဝါးများအကြောင်း သိကောင်းစရာများ၊ စီးပွားဖြစ်မွေးမြူရေးဆိုင်ရာ နည်းစနစ်များ စသည့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်နည်းစနစ်များကို စက်တင်ဘာ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)