ဖျာပုံ စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်အတွင်း စားအုန်းဆီဝယ်ယူခွင့်စာအုပ်များအား ပြည်သူ့လက်ဝယ်အရောက် လိုက်လံထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က လိုက်ဖြန့်ဝေပေးကြကြောင်း သိရသည်။
အဆိုပါစားအုန်းဆီဝယ်ယူခွင့် စာအုပ်များအား ပြည်သူ့လက်ဝယ်အရောက် လိုက်လံ ထုတ်ပေးရာတွင် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွေးသိမ်း၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့်ဝန်ထမ်းများသည် ဖျာပုံမြို့ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူရုံးတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများ သတ်မှတ်ရည်ညွှန်း စျေးနှုန်းဖြင့် အိမ်ထောင်စုတစ်စုကို(၁)လလျှင် တစ်ပိဿာငါးဆယ်နှုန်းဝယ်ယူနိုင်ရေး စားအုန်းဆီဝယ်ယူခွင့်စာအုပ်များအား ပြည်သူ့လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးကြသည်။
ထိုသို့စားအုန်းဆီဝယ်ယူခွင့်စာအုပ်များအား ပြည်သူ့လက်ဝယ်အရောက် လိုက်လံထုတ်ပေးပြီး၊ ဖျာပုံမြို့ပေါ်ရပ်ကွက်(၁၉)ခုတို့အား စက်တင်ဘာလအတွင်းအပြီး ဖြန့်ဝေပေးသွားမှာဖြစ်၍၊ မြို့နယ်အတွင်းရှိ ကျန်ကျေးရွာများကိုလည်း စားအုန်းဆီ ဝယ်ယူခွင့် စာအုပ်များထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်