ပွင့်ဖြူမြို့နယ် သူဌေးကုန်းကျေးရွာ၌ (VDP) စီမံကိန်းဖြင့် ကျေးရွာတွင်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အသုံးစရိတ်ချပြရှင်းလင်းခြင်းနှင့် လူထုစစ်ဆေးပွဲ ကျင်းပ

ပွင့်ဖြူ စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေဖြင့် ရွာခိုင်ကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာ၌ ကျေးရွာတွင်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအပေါ် အသုံးစရိတ်ချပြရှင်းလင်းခြင်းနှင့် လူထုစစ်ဆေးပွဲအခမ်းအနားကို စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီက အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် သူဌေးကုန်းကျေးရွာ၌ ကျေးရွာနေပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေစေရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းမှ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေတို့ ပူးပေါင်းပြီး ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင်ဦးဆောင်၍ ကျေးရွာတွင်းလမ်း အရှည်ပေ ၄၅၀၀ အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့်ထု ၆ လက်မ မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများနှင့်စပ်လျဉ်းပြီး ရေရှည်အသုံးပြုသွားလာနိုင်ရေး ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းစောင့်ရှောက်သွားကြရန်နှင့် စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြစေလိုကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ကျေးရွာစီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကျေးရွာဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာတွင်းမြေနီကျောက်စရစ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုလုပ်ငန်းများနှင့်စပ်လျဉ်းပြီး ဘဏ္ဍာရေးဆိုင်ရာများနှင့် ပစ္စည်းဝယ်ယူရေးဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အကျိုးကျေးဇူးရလဒ်များကို ကျေးရွာပြည်သူလူထုကျေနပ်မှုရှိ/ မရှိ အများသဘောဆန္ဒပြုချက်များကို မဲစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြရာ ကျေးရွာပြည်သူများမှ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုအပေါ် ကျေနပ်အားရမှုရှိကြောင်း အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာတွင် ကျေးရွာတွင်းမြေနီကျောက်စရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းမှ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် (၁၅)သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် သုညဒသမ ၇ သန်း ၊ စုစုပေါင်းငွေကျပ် ၁၅ ဒသမ ၇ သန်းဖြင့် ဌာနမှ နည်းပညာပံ့ပိုးကူညီပြီး ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ဦးဆောင်ကာ ယခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်းမြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ သူဌေးကုန်းကျေးရွာရှိ အိမ်ခြေ ၂၄၉ အိမ်၊ လူဦးရေ ၁၀၈၉ ဦးအတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် ဒေသထွက်ကုန် သီးနှံများကိုလည်း ဈေးကွက်သို့ လွယ်လင့်တကူသယ်ယူပို့ဆောင်ရောင်းချသွားနိုင်မည်ဖြစ်၍ ကျေးနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )