မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

မကွေး စက်တင်ဘာ ၂၈

၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များ၊ တိုင်း/ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ရှေးဦးစွာ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဘာသာရပ်တစ်ခုချင်းဆီအလိုက်ဆွေးနွေးမှုများ၊ Tablet အသုံးပြု၍ လက်တွေ့လေ့ကျင့်မှုများ၊ ဘာသာရပ်အလိုက်အမေးအဖြေများ၊ ဉာဏ်စမ်းပဟေဠိများဖြင့်လေ့ကျင့်မှုများ၊ CAPI စနစ်နှင့် လက်တွေ့ကွင်းဆင်းကောက်ယူမှုများကို ပြုလုပ်ခဲ့ပြီးဖြစ်သည့်အတွက် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့်ပတ်သက်၍ စာတွေ့လက်တွေ့ပြည့်စုံစွာ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ယခုသင်တန်းမှ ပို့ချခဲ့သည့် ဘာသာရပ်ဆိုင်ရာများ၊ သင်ကြားမှုနည်းစနစ်များကို မိမိတို့၏ အတွေ့အကြုံနှင့်ပေါင်းစပ်ပြီး သန်းခေါင်စာရင်းမေးခွန်းများပါ အချက်အလက်များကို မှန်မှန်ကန်ကန်ရရှိအောင် စာရင်းစစ်/ စာရင်းကောက်များအနေဖြင့် လေးလေးနက်နက်ဆောင်ရွက်ကြရန်လိုကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိလာသည့် အချက်အလက်များမှန်ကန်မှသာ နိုင်ငံ၏ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်းနှင့် မိမိတို့၏ အရည်အသွေး၊ အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းကို အကောင်းဆုံးနှင့် အောင်မြင်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များက ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် ခန့်အပ်လွှာများကိုပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူခဲ့ပြီး အဆိုပါသင်တန်းတွင်  သင်တန်နည်းပြ ၁၈ ဦးက မကွေးမြို့နယ်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ (၂၇၁) ဦးအား သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းအရာများ၊ လက်တွေ့လေ့ကျင့်ခန်းများ၊ အပြန်အလှန်ဆွေးနွေးခြင်းများနှင့် ပဟေဠိအမေးအဖြေများကို ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးခြင်းတို့ကို စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဆွေးနွေးသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)