စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးမြို့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား တက်ရောက်

မုံရွာ စက်တင်ဘာ ၂၈

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ခန္တီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးသက်လေးဦး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ ခန္တီးတပ်နယ်မှူးနှင့် ခန္တီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌတို့က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကာ ဘင်ခရာ/ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြပြီး ခန္တီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက ကြိုဆိုကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ ကျန်စစ်သားခန်းမတွင် ကျင်းပပြုလုပ်သော စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ပြနောက် ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများ စာဖတ်ရှုနိုင်သည့် အခွင့်အလမ်းများရရှိရေးအတွက် ရှိပြီးသား စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာကြည့်တိုက်အသစ်များ ထပ်မံလိုအပ်သကဲ့သို့ ရပ်ကွက်/ကျေးရွာများတွင် စာကြည့်တိုက်များ အသစ်ဆောက်လုပ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသလို စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များအား ကျင်းပရခြင်းအနေဖြင့် ကျောင်းသားလူငယ်များ စာကြည့်တိုက်အား အသုံးပြုတတ်စေရန် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဘက်စုံဖွံ့ဖြိုးပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ယနေ့လူငယ်များအပါအဝင် ကျောင်းသား/သူများ၊ ပြည်သူများစာဖတ်ကြစေရန် စာပေဖတ်ရှုလေ့လာနိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးသွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် စာတတ်ရုံ အတတ်ပညာပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်ဖြင့် အသိပညာပြည့်ဝပြီး ဗလငါးတန်ပြည့်ဝသည့် လူငယ်များပေါ်ထွက်လာစေရန် တာဝန်ရှိသူများနှင့် မိဘ၊ ဆရာများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌထံ ခန္တီးခရိုင်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျပန်းစကားပြောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသာ/သူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမဆုရရှိသော ကျောင်းသူများက ပြန်လည်တင်ဆက်မှုအား ကြည့်ရှုအားပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက “နိုင်ငံအကျိုး မျှော်မှန်းရည် ခိုင်မာတိုးတက်စေရမည်” Video Clip အား ကြည့်ရှုအားပေးကာ ခန္တီးပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများနှင့် ဒေသခံ ရှမ်း/နာဂတိုင်းရင်းသား ကျောင်းသား/သူများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ခန္တီးတပ်နယ်မှူးက သီဆိုကပြဖျော်ဖြေပေးသွားကြသော ကျောင်းသား/သူများနှင့် တိုင်းရင်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော စာအုပ်/စာစောင်များ၊ လှပသာယာပြည်မြန်မာနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းဓတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်းအတွင်း ခင်းကျင်းပြသထားသည့် ဒေသဆိုင်ရာဓတ်ပုံပြခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနပြခန်း၊ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်နေမှုနှင့် ကလေးစာဖတ်ခန်းအတွင်း ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲများ ကျင်းပနေမှုတို့အား လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဝန်းအတွင်း အားကစားပြိုင်ပွဲများအဖြစ် ခွက်နင်းပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ပူစီးဖောင်းညှပ်ပြိုင်ပွဲများ ယှဉ်ပြိင်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)