ကယားပြည်နယ်ဝန်ကြီးချုပ် ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ 

လွိုင်ကော် စက်တင်ဘာ ၂၈

လွိုင်ကော်မြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော ရေကြီးရေလျှံဖြစ်ပွားမှုများအတွက် ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရေဘေးသင့်ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ထောက်ပံ့ကူညီမှုများပေးခြင်း၊ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်း ဆွမ်းဆန်တော်၊ ဆီ၊ ထင်း၊ မီးသွေး၊ လောင်စာဆီများ ဆက်ကပ်လှူဒါန်းခြင်းများကို စဉ်ဆက်မပြတ်ကူညီဆောင်ရွက်ပေးလျက်ရှိပြီး စေတနာရှင် အလှူရှင်များကလည်း လာရောက်ကူညီလှူဒါန်းလျက်ရှိသည်။ ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူရေများသည် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ ဓမ္မပါလစုပေါင်းဓမ္မာရုံသို့ ရောက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်က “ရေဘေးသင့်ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ နေ့စဉ်ချက်ပြုတ် စားသောက်နိုင်ရေးအတွက် စနစ်တကျစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နီးစပ်ရာ ရေဘေးလွတ်နေရာများ၌ နေထိုင်သူများအားလည်း ထောက်ပံ့ပေးလျက်ရှိကြောင်းရေများပြန်လည်ကျဆင်းချိန် မိမိတို့၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ပြန်လည်လုပ်ကိုင်ကြရန်လိုကြောင်း ”စသည်ဖြင့် အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် မင်းစု၊ ဓမ္မာရုံ၊ နမ့်ကွတ်ရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၉၈) စု၊ လူဦးရေ (၃၃၀) ဦးတို့အတွက် ဆန်၊ ဆီ၊ အဝတ်အထည်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ပြည်သူများက လိုအပ်ချက်များတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က “လျှပ်စစ်မီးရရှိရေးနှင့် နေ့စဉ်ချက်ပြုတ်ရာတွင် ထင်း၊ မီးသွေးနှင့် လောင်စာဆီလိုအပ်ချက်များအတွက် အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးရန်၊ နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရန်” တို့ကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်က လှူဒါန်းထောက်ပံ့သည့် ပစ္စည်းများအားလုံးကို ရေဘေးသင့်ပြည်သူများလက်ဝယ်သို့ မျှမျှတတရရှိစေရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေစတင်ဝင်ရောက်နေ့မှစ၍ ရေဘေးကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့အထိ လူသေဆုံးထိခိုက်မှုများမရှိခဲ့ကြောင်း” စသည်ဖြင့် ပြောကြားခဲ့ကာ မင်္ဂလာ၊ နမ့်ကွတ်၊ ဒေါနိုးကူးရပ်ကွက်နှင့် မှုံပြာကျေးရွာရှိ ရေဘေးသင့် အိမ်ထောင်စု (၂၄) စု၊ လူဦးရေ(၅၄)ဦးအား ဆန်၊ ဆီ၊ အဝတ်အထည်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်၍ ပြည်သူများက လိုအပ်ချက်များတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များအတွက် ဆန် (၅) အိတ် နှင့်ဆီ (၁၀) ပိဿာ လှူဒါန်းပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးနေသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများသို့ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းပြီး ဂုဏ်ပြုချီးမြှင့်စကား ပြောကြားခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)