ရေတာရှည်မြို့နယ်အတွင်းရှိ ရေနစ်မြှုပ်ခဲ့သည့် ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

ရေတာရှည် စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်ရေ ဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာအချို့ ရေကြီးနစ်မြှုပ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ 

အဆိုပါရေကြီးနစ်မြှုပ်သည့်ကျေးရွာများတွင် ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်၍ ပြည်သူများ ပြန်လည်နေထိုင်ရန်အတွက် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ (၂၆) ရက်နေ့က ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှု၊ ရေတာရှည်မြို့နယ် ကျန်းမာရေးဦးစီးဌာနဆေးရုံအုပ် ဒေါက်တာနန္ဒာညီဆွေ ကြီးကြပ်မှုဖြင့် ကျန်းမာရေးမှူး ၅ ဦးပါ အဖွဲ့ ၇ ဖွဲ့က Bleaching powder ဖြင့် ရေတွင်များ Chlorination ပြုလုပ်ခြင်း၊ ရေကန်များအား ကလိုရင်းဆေးခပ်ပေးခြင်း၊ သောက်ရေများကို ရေသန့်ဆေးပြားခပ်ခြင်း၊ အိမ်သာများ ကြည့်ရှုစစ်ဆေးခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းများကို ဆွာ SHU, သာဂရ S/C ကန်ကြီးရေဘေးကယ်ဆယ်ရေးစခန်း၊ ဆတ်သွားရေဘေးကယ်ဆယ်ရေးစခန်း၊ အောင်ချမ်းသာRHC၊ ရွာသစ် S/C အပိုင် ပိတောက်စမ်းကျေးရွာနှင့် စမ်းကြီးမင်းလမ်းကျေးရွာများစသည့် ရေဘေးသင့်ကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)