ပေါင်းတည် စက်တင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းကမ်းပါးတစ်လျှောက် လူနေအိမ်များနှင့် စိုက်ခင်းများအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ရာ ကျေးလက်ပြည်သူများ ဝမ်းပျက်၊ ဝမ်းလျှောရောဂါမဖြစ်ပွားစေရေးနှင့် မြွေအန္တရာယ်ကာကွယ်ရေးတို့အတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့က ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဆောင်ရွက်မှုကို ပေါင်းတည်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းနှင့် တပ်ဖွဲ့ဝင်များက ဘိုးသာအောင်ကုန်းချောင်းရေလျှံမှုကြောင့် ဘိုးသာအောင်ကုန်းကျေးရွာအုပ်စုနှင့် မကြီးပင်ကျေးရွာအုပ်စုများတွင် ချောင်းရေများဝင်ရောက်လျက်ရှိသော ကျေးရွာများ၌ ယမန်နေ့နံနက်ပိုင်းက ရေဘေးသင့်ကျေးလက်နေပြည်သူများအတွက် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး၊ မြွေအန္တရာယ်ကာကွယ်ရေး အသိပညာပေးနှင့် ရှေးဦးသူနာပြုစုနည်းများကို သရုပ်ပြသဟောပြောပေးခဲ့ကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)