ပဲခူး စက်တင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးတိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးအတွက် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့် စကားနှင့်အညီ အမိနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်နိုင်သော လူကြီးများပေါ်ထွန်းလာရေးသည် ငယ်စဥ်အခြေခံကျောင်းသားဘဝကပင် စတင်ရမှာဖြစ်သည့်အတွက် စည်းကမ်းရှိသော၊ အကျင့်စာရိတ္တကောင်းမွန်သော၊ ပညာဗဟုသုတနှင့်ပြည့်စုံသော၊ လုံးလဝီရိယရဲစွမ်းသတ္တိနှင့်ပြည့်စုံသော၊ ကျန်းမာသန်စွမ်းသော တိုင်းရင်းသားကျောင်းသား/သူများ ဖြစ်စေဖို့ အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါခိုင်ရွှေဝါက တိုင်းရင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေရေးနှင့် လူငယ်ရေးရာကဏ္ဍများအားလည်းကောင်း၊ တိုင်းဒေသကြီးတိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်နီနီဝင်းသန်းက တိုင်းရင်းသားဘာသာစာပေသင်ကြားရေးဆိုင်ရာလုပ်ငန်းများ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(ပညာ) ဆရာကြီးဦးခင်အောင်ရီက ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနွယ်က အစားအသောက်နှင့်ဆေးဝါး အရည်အသွေးပြည့်မီရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပဲခူးခရိုင်အားကစားမှူး ဒေါ်သန္တာဝင်းက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်သန္တာထွေးက ကလေးသူငယ်အခွင့်အရေးများနှင့် ကာကွယ်စောင့်ရှောက်ရေးခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့ကြသည်။
ယင်းနောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အသိပညာပေးဟောပြောပေးသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ခိုင်ရွှေဝါက ညောင်အင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းစာကြည့်တိုက်အတွက် ကျောင်းအုပ်ဆရာမကြီးထံ အလှူငွေပေးအပ်လှူဒါန်းပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)