ဘိုကလေးမြို့နယ် မေတ္တာဝါဒီ ဖောင်ဒေးရှင်းမှ စာပြန်ပွဲ၊ စာမေးပွဲများ ကျင်းပဆောင်ရွက်မည်

ဘိုကလေး စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကျော်ဇံထေရဝါဒ ကျောင်းတိုက်ဆရာတော် ဦးစီးတည်ထောင်ဖွင့်လှစ်ထားသည့် ဘိုကလေးမြို့နယ်အခြေစိုက် မေတ္တာဝါဒီဖောင်းဒေးရှင်းအနေဖြင့် မြတ်ဗုဒ္ဓ၏ ဗုဒ္ဓဝစနပါဠိတော်၊ စကားတော်များသည် ဓမ္မစေတီထိုက်သည့် အားလျော်စွာ လူကြီး၊ လူငယ်များ၏ နှလုံးသားအတွင်း၌ ကိန်းဝပ်စေရေးကို ရည်ရွယ်၍ မေတ္တာဝါဒီ စာပြန်ပွဲ၊ စာမေးပွဲများအား ယခုနှစ်သီတင်းကျွတ်လဆန်း (၁၂)ရက်နေ့မှ (၁၃)ရက်နေ့အထိ အဆိုပါဖောင်ဒေးရှင်းတွင် ကျင်းပဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါ စာမေးပွဲ၊ စာပြန်ပွဲသို့ ဝင်ရောက်ဖြေဆိုကြမည့် လူပုဂ္ဂိုလ်များသည် အသက်အရွယ်မရွေး ဝင်ရောက်ဖြေဆိုနိုင်ပြီး ဖြေဆိုလိုသည့် ပုဂ္ဂိုလ်များအတွက် သတ်မှတ်စာမေးပွဲ၊ စာပြန်ပွဲ မတိုင်ခင် အချိန်အထိ ဝင်ခွင့်လက်ခံပေးလျက်ရှိကြောင်း၊ ပထမအဆင့် အာဂုံပြန်ကြမည့်သူများအနေဖြင့် ပရိတ္တ(က) ပရိတ်ကြီး နိဒါန်းအစမှ ဝဋသုတ်အထိ (၆)သုတ်၊ ပရိတ္တ(ခ) ဓဇဂ္ဂသုတ်မှ အဆုံးထိ(၅)သုတ်၊ ပဌာန်း ပစ္စယနိဒ္ဒေသ၊ ဓမ္မစက္ကပဝတ္တနသုတ်၊ အနတ္တလက္ခဏသုတ်၊ မဟာသမယသုတ်များ အာဂုံပြန်ရကြမည်ဖြစ်ကြောင်း၊ မူလတန်းအဆင့် ကျောင်းသား/သူများအတွက် ပရိတ်ကြီးပါဠိတော် မင်္ဂလသုတ်နှင့် မေတ္တာသုတ် (၂)သုတ် ပြန်ဆိုရမည်ဖြစ်ပြီး စာအောင်ပုဂ္ဂိုလ်များအား သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့တွင် စာအောင်ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)