ထားဝယ် စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရေပေးဝေရေးစီမံကိန်းနှင့်စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် BBWI & MCPC Co.,Ltd တို့အကြား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာသဘောတူစာချုပ်(B.O.T)၏ နောက်ဆက်တွဲ သဘောတူစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြိတ်မြို့ရေပေးဝေရေးစီမံကိန်းနှင့်ပတ်သက်၍ လက်မှတ်ရေးထိုးထားပြီးနောက် ဆက်တွဲအား လိုအပ်သည့်များ ဖြည့်စွက်ကာလက်မှတ် ရေးထိုးခြင်းဖြစ်ကြောင်း၊ ဒေါ်လာဈေးနှုန်း အတက်အကျပေါ်မူတည်ပြီးအလုပ်အကိုင် အဆင်ပြေစေရေးအတွက် (B.O.T)နောက်ဆက်တွဲ သဘောတူစာချုပ်အနေဖြင့်ထပ်မံပြီး လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း၊ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဖြစ်သည့်အတွက် ရေကောင်းရေသန့်ရရှိ ရန်လိုအပ်ကြောင်း၊ တနင်္သာရီမြစ်ရေကနေသွယ်တန်းပြီး မြိတ်မြို့တွင်ရေကောင်းရေသန့်ရရှိအောင်၊ ဒေသခံပြည်သူများ ရေကောင်းရေသန့်သုံးစွဲရရှိရေး၊ စက်မှုဇုန်နှင့်ပတ်သက်ပြီးရေကောင်းရေသန့်ရရှိအောင် ဝိုင်းဝန်းပြီးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့်လည်း မြိတ်မြို့တွင်နေထိုင်သော ပြည်သူလူထုအတွက်ကို ရေကောင်းရေသန့်ရရှိအောင် ဆောင်ရွက်ပေးရန်၊ ဈေးနှုန်းကိုလည်း သက်သာစွာရရှိအောင် ဝိုင်းဝန်းပြီးဆောင်ရွက်ပေးကြရန်နှင့်တက်ရောက်လာသူများအနေဖြင့် ဖြစ်မြောက်အောင်ကူညီဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က မြိတ်မြို့ရေပေးဝေရေး စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့မှုအခြေအနေများအား ဆွေးနွေးပြောကြားပြီး BBWI & MCPC Co.,Ltd မန်နေဂျင်းဒါရိုက်တာ Mr.Kanapord နှင့် ဒါရိုက်တာ ဦးလှသန်းတို့က အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမုအခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်အား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် BBWI & MCPC Co.,Ltdတို့အကြား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာသဘောတူစာချုပ်(B.O.T)၏နောက်ဆက်တွဲ သဘောတူစာချုပ်အား တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြပြီး BBWI & MCPC Co.,Ltd မန်နေဂျင်းဒါရိုက်တာ Mr.Kanapord က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)