သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်

မြိတ်  စက်တင်ဘာ   ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးပွဲကို   ယမန်နေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲကို သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာသည့်အခါ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်ပွားပါက ဆောင်ရွက်ရမည့်အချက်များ၊ ဘေးအန္တရာယ်ကျရောက်ပြီးပါက ဆောင်ရွက်ရမည့်အချက်များကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့်  ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာကဆွေးနွေးပွဲပြုလုပ်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဆန်းက သဘာဝအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ ပြန်လည်ထူဆောင်ရေးလုပ်ငန်းများကို ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)