သရက်ချောင်း စက်တင်ဘာ ၂၇
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်အတွက်တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းမွှေးက လူငယ် များအနေဖြင့်အနာဂတ်တွင် အောင်မြင်သောလူငယ်များ ဖြစ်စေရေးအတွက် ယခုချိန်ကတည်းက တန်ဖိုးရှိသောစာပေနှင့် အသိပညာဗဟုသုတများဆည်းပူးလေ့လာရန် လိုအပ်ကြောင်း၊ စာပေများကိုဖတ်ရှုလေ့လာပြီး ရရှိသော အသိပညာဗဟုသုတများကို မိမိ၏မိတ်ဆွေ သူငယ်ချင်းများထံ ပြန်လည်မျှဝေပေးရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း၊ လူငယ်များ အချင်းချင်း ညှိနှိုင်းဆွေးနွေးပြီး အမြင်ချင်းဖလှယ်ရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံတော်မှအားကိုး အားထားပြုရသော လူငယ်များဖြစ်အောင် ကြိုးစားစေလိုကြောင်းပြောကြားခဲ့ပြီးနောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေး ပြောကြားသူများအဖြစ် အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်း Grade-10 ကျောင်းသူများဖြစ်ကြသည့် မအိမ့်မှူးမြတ်မြတ်ပိုင်နှင့် မဆောင်းရတီဝေတို့က လူငယ်နှင့် စာဖတ်ခြင်း၊ Grade-11 ကျောင်းသူများဖြစ်ကြသည့် မဆုရည်လင်းနှင့် မကြည်နူးခင်တို့က လူငယ်နှင့်ကျန်းမာရေး၊ Grade-11 ကျောင်းသားများဖြစ်ကြသည့် မောင်ကျော်ဇင်လတ်နှင့် မောင်အောင်မျိုးဇော်တို့က လူငယ်နှင့် အားကစားခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များအပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ဆွေးနွေးပြောကြား ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်ပစ္စည်းပေးအပ်ကာ အခမ်းအနားရုပ်သိမ်းခဲ့ပြီးနောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်၊ စာပေများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)