မအူပင် စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုခြင်းမှ ရရှိလာသော အသိပညာဗဟုသုတများ ပြန်လည်မျှဝေနိုင်စေရန်နှင့် စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်ချက်များဖြင့် ယမန်နေ့နံနက် (၉) နာရီက မအူပင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။
အဆိုပါ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို မအူပင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာလ ၂၆ ရက်မှ ၂၇ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်လျက်ရှိရာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စကားပုံဆက်/ အရုပ်ဆက်ပြိုင်ပွဲများ၊ စာအုပ်ရွက် ပြိုင်ပွဲ၊ ဘဲဥကောက်ပြိုင်ပွဲနှင့် ပွဲတော်မှာ လူငယ်တွေလေ့လာနိုင်ဖို့အတွက် စာအုပ်ပြခန်းများ၊ အခြေခံပညာကျောင်းများမှ ပြခန်းများ၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ ဌာနဆိုင်ရာပြခန်းများ ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်လေ့လာခဲ့ကြပြီး အပျော်တမ်းဂိမ်းကစားနည်းများတွင်လည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)