ချောက်မြို့၌ ကျောင်းသား၊​ ကျောင်းသူများဖြင့် "စကားပြောစွမ်းရည်" ပြိုင်ပွဲကျင်းပ

ချောက် စက်တင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ "စကားပြောစွမ်းရည်ပြိုင်ပွဲ"ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာနိုင်စေရေး၊ ကျောင်းစာအပြင်ပြင်ပဗဟုသုတများ ကြွယ်ဝလာစေရေး၊ စာဖတ်စွမ်းရည်မြင့်မားလာစေရေး၊ စာပေဖတ်ရှုခြင်းမှ အသိပညာဗဟုသုတများ ရရှိလာနိုင်စေရေး၊ စာဖတ်ခြင်းဖြင့် စကားပြောစွမ်းရည်များ တိုးတက်လာစေရေးနှင့် ကျောင်းသား/ကျောင်းသူများ တစ်ဦးနှင့်တစ်ဦး အသိပညာများ ပြန်လည်မျှဝေနိုင်စေရေး ရည်ရွယ်၍ ယခုလို "စကားပြောစွမ်းရည်" ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းမှ Grade-5 ကျောင်းသား/ကျောင်းသူလေးများမှ မိမိတို့ဖတ်ရှုလေ့လာထားသည့်  “လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး”နှင့် “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” အကြောင်းအရာများကို အသီးသီးယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် စကားပြောစွမ်းရည်အကောင်းဆုံး ယှဥ်ပြိုင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူ(၁၀)ဦးအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါ၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုချိုဝင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး၊ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းအုပ်ဆရာကြီး ဦးအေးလွင်တို့က ဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)