ပေါင်းတည်၌ နွားနှင့်ဆိတ် မေထုန်မဲ့သားစပ်သင်တန်း(၂/ ၂၀၂၄/ပခ)ဖွင့်လှစ်

ပေါင်းတည် စက်တင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်‌သော နွားနှင့်ဆိတ် မေထုန်မဲ့သားစပ်သင်တန်း(၂/၂၀၂၄/ပခ)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပေါင်းတည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမ၌ ကျင်းပရာ ပေါင်းတည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များနှင့် နတ်တလင်း၊ ပေါင်းတည်၊ သဲကုန်းမြို့နယ်များမှ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ နတ်တလင်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာအိဝေကျော်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ သင်တန်းနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ သင်တန်းပို့ချပေးမည့် ဘာသာရပ်များအကြောင်းနှင့် သင်တန်းစည်းမျဉ်း၊ စည်းကမ်းများကို အကျယ်တဝံ့ရှင်းလင်းပြောကြားသည်။

သင်တန်းသို့ နတ်တလင်းခရိုင်အတွင်းမှ နတ်တလင်း၊ ပေါင်းတည်နှင့် သဲကုန်းမြို့နယ်များမှ မွေးမြူရေးနှင့်ကုသရေးဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးဝန်ထမ်းများအပါအဝင် စုစုပေါင်းသင်တန်းသားဦးရေ (၃၅)ဦးတက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းတွင် ဆိတ်နှင့်နွား မေထုန်မဲ့သားစပ်နည်းပညာရပ်များကို သင်ထောက်ကူပစ္စည်းများဖြင့် သင်တန်းကာလ ၅ ရက်ကြာ စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း မွေးမြူ‌ရေးထုတ်ကုန်ကဏ္ဍပိုမိုတိုးတက်မြင့်မားရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များတိုးပွားလာ‌ရေးနှင့် ကျွမ်းကျင်ဝန်ထမ်းများတိုးပွားလာရေး၊ စနစ်တကျမေထုန်မဲ့သားစပ်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရေးနှင့် တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး နို့စားနွားကောင်ရေတိုးတက်ပွားများလာစေရေးအတွက် အဆိုပါသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းလည်း နတ်တလင်းခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ရွှေသား(ပြန်/ဆက်)