ကြံခင်း စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မျောက်ချောကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကို စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ မျောက်ချောကုန်း ကျောင်းအကျိုးတော်ဆောင် ဉီးသောင်းညွန့် (ကျောင်းအုပ် ဆရာကြီး-ငြိမ်း)က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပရိတ်သတ်များ ရှေ့မှောက်တွင် ပြောဆိုတတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ အပြောစွမ်းရည် မြင့်မားလာစေရန်၊ ပူးပေါင်းဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဗလငါးတန်ပြည့်စုံလာစေရန် စသည့်ရည်ရွယ်ချက်များစွာဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပခဲ့ရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြံခင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ဆောင်ရွက်ကာ Grade-12 ကျောင်းသား မောင်သော်ထက်နိုင်က " လူငယ်နှင့်မူးယစ်ဆေးဝါး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မဆုမြတ်နိုးထွန်းက "လူငယ်နှင့်စာပေ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ဉက္ကာငြိမ်းချမ်းက "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မဆုပြည့်မင်းထွဋ်က "လူငယ်နှင့်ဝတ်စားဆင်ယင်မှု ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုမှတ်သားထားသော အတွေးအခေါ်များကို မျှဝေဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးချက်များကို ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စန်းက သုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ကဏ္ဍအလိုက် ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားကြသည်။ ထို့နောက် စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများနှင့်မေးမြန်းဆွေးနွေးကြသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စန်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်တို့က အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ယင်းနောက် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းကို ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၂၀) ဉီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)