ငဖဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ငဖဲ စက်တင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးများအတွင်း အမှိုက်ကျင်းများတူးဖော်၍ အမှိုက်စနစ်တကျစွန့်ပစ်ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ပြီးစီးမှုကို လစဉ်ပုံမှန်တင်ပြရန်၊ ဧည့်စာရင်းတိုင်ကြားမှုကိစ္စများ အလေးထားဆောင်ရွက်ရန်၊ ရက်ကွက်/ကျေးရွာများတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များစီးနင်းမောင်းနှင်ခြင်းမပြုရန်၊ နိုင်ငံ့စီးပွားအစီအစဉ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများမှ အတိုးပေးဆပ်ရန်၊ ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကွင်းဆင်းကောက်ယူမည်ဖြစ်၍ သတ်မှတ်ရက်အတွင်းအချိန်မီပြီးစီးရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ နိုင်ငံသားစီစစ်ရေးကတ်ပြုလုပ်ရန်ကျန်ရှိသူများ အချိန်မီပြုလုပ်ကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်နိုင်စိုးက ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ မိဘပြည်သူများအနေဖြင့် အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်အတွင်း ရပ်ဝေးခရီးလွန်သွားရောက်ခြင်းမပြုရန်နှင့် စာရင်းကောက်ယူရေးလုပ်ငန်း အဆင်ပြေချောမွေ့စွာ အချိန်မီပြီးစီးရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက စီမံကိန်းဆိုင်ရာ ကိန်းဂဏန်း စာရင်းဇယားများ အချက်အလက်မှန်ကန်ပြည့်စုံစွာပေးပို့ရေး၊ လျှပ်စစ်မီးဖြန့်ဖြူးပေးသည့်အခြေအနေများနှင့် သက်ကြီးဘိုးဘွားများ၏ မှတ်ပုံတင်နံပါတ်များ ပြည့်စုံစွာပေးပို့ရေးတို့ကို တင်ပြဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက သက်ဆိုင်ရာဌာနများ၊ရပ်/ကျေးအုပ်စုများနှင့်  ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)