အုတ်ဖို စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ် စာရင်းကောက်သင်တန်းကို အ.ထ.က အုတ်ဖို၌ ဖွင့်လှစ်လျက်ရှိရာ သင်တန်းသားများအနေဖြင့် မြေပြင်လက်တွေ့ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကျောင်းကြီးတန်းရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၄၀ ဦးတက်ရောက်လျက်ရှိပြီး အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် ဖွင့်လှစ်သော မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖြစ်ကြောင်း သိရသည်။ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောင်းကြီးတန်းရပ်ကွက်၊ ဓမ္မသီရိလမ်းနှင့် ဓမ္မသီတာလမ်းတို့တွင် ဆောင်ရွက်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ယဉ်ယဉ်လှိုင်၊ လဝကမှူး ဦးကောင်းမြတ်လင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ရပ်ကွက် ကျေးရွာအုပ်စု ၆၃ အုပ်စု၌ ကောက်ကွက်ပေါင်း ၃၆၆ ရှိပြီး စာရင်းစစ်၊ စာရင်းကောက် ၁၄၀ ဦးဖြင့် မြို့နယ်အဆင့်/ရပ်ကျေးအဆင့် ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းပြီး လုံခြုံရေး၊ အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များ ပြင်ဆင်ထားရှိ၍ ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)