မိုးညို စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်၍ စာတွေ့၊ လက်တွေ့ပို့ချခဲ့ရာ ယနေ့နံနက် ၉ နာရီက လက်တွေ့သင်ခန်းစာအဖြစ် သင်တန်းတက်ရောက်နေသူ ၁၆၄ ဦးက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း၍ စမ်းသပ်ကောက်ယူခဲ့သည်။
အဆိုပါ လက်တွေ့စမ်းသပ်ကွင်းဆင်းကောက်ယူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် လူဦးရေနှင့်အိမ်အကြောင်းအရာများကို မှန်ကန်စွာစာရင်းကောက်ယူနိုင်ရေးနှင့် အီလက်ထရောနစ်နည်းပညာဖြင့် ကောက်ယူနိုင်ရေးတို့ကို သင်တန်းကာလအတွင်း စာတွေ့လက်တွေ့များဖြင့် သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ ယခုလက်တွေ့ ကွင်းဆင်းစမ်းသပ်ကောက်ယူခဲ့သည့် အတွေ့အကြုံများနှင့် အားနည်းချက်၊ အားသာချက်များကို သင်တန်းတွင် ပြန်လည်ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)