လွိုင်ကော် စက်တင်ဘာ ၂၆
လွိုင်ကော်မြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပေါ်မှုများကြောင့် ယမန်နေ့တွင် မြို့နယ်အတွင်း ရပ်ကွက်(၈)ခု၌ ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရပ်ကွက်အတွင်းရှိ ပြည်သူများအား စတင်ရေဝင်ရောက်ချိန်မှစ၍ ယာယီရေဘေးကယ်ဆယ်ရေး စခန်း(၃)ခု ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါစခန်းများတွင် ရေဘေးသင့်ပြည်သူများ၏ နေ့စဉ်စားသောက်ရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုများလည်း ပေးလျက်ရှိရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူက “ပြည်သူများကူးစက်ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အမှိုက်စွန့်ပစ်စနစ်နှင့် ရေစီးရေလာကောင်းမွန်ရေး၊ သန့်စင်ခန်းများ စနစ်တကျဖြစ်စေရေး နေ့စဉ်စစ်ဆေးခြင်း၊ နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေသည့်အပြင် ပညာပေးဟောပြောခြင်းနှင့် အရေးပေါ်များ ရှိလာပါက တာဝန်ကျဝန်ထမ်းအသင့်ထားရှိကြောင်း” ပြောကြားခဲ့သည်။
ကိုတွတ် (ပြန်/ဆက်)